Thursday, August 7, 2014

Myanmar Journalism Institute တည်ထောင်ရန် လုပ်ငန်းကော်မတီ ဖွဲ့စည်း

Written by  သိင်္ဂီထွန်း

ရန်ကုန်၊ မတ် ၂၃။
                      
 သတင်းစာပညာ သင်ကြားရေးအတွက် လာမည့် ဇူလိုင် ၁ရက်တွင် ဖွင့်မည့် Myanmar Journalism Institute (မြန်မာသတင်းစာပညာကျောင်း) တည်ထောင်ရန် ပထမအဆင့်အနေဖြင့် ကော်မတီဝင် ၁၁ဦးပါဝင်သည့် လုပ်ငန်းကော်မတီတစ်ရပ်ကို မတ်လ ၂၃ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel တွင် ပြုလုပ်သည့် MJIတည်ထောင်ရေး အစည်းအဝေး၌ ဖွဲ့စည်းလိုက်သည်။
"ပထမတော့ Myanmar Journalism Instituteအတွက် ယာယီဘုတ်အဖွဲ့ဖွဲ့ဖို့ ရည်ရွယ်ထားတယ်။ ဒါပေမယ့် အဲဒီ့အတွက် ဖွဲ့စည်းပုံနဲ့ အဲလိုဘုတ်အဖွဲ့ဖွဲ့မယ်ဆိုတဲ့ဟာကို အသေးစိတ်အချက်အလက်တွေကို ဒီနေ့မှ စာရွက်စာတမ်းတွေ ရကြတယ်ဆိုတော့ မိခင်ဌာနတွေကို တိုင်ပင်ဖို့ရှိတော့ လောလောဆယ်မှာ လုပ်ငန်းကော်မတီပဲ ဖွဲ့လိုက်တယ်ပေါ့"ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ အဖွဲ့ဝင် ဦးမြင့်ကျော်က မဇ္ဈိမကို ပြောသည်။
လုပ်ငန်းကော်မတီတွင် မြန်မာသတင်းစာဆရာ အဖွဲ့အစည်းများမှ ၂ ဦး၊ ရုပ်သံမီဒီယာ ကိုယ်စားလှယ် ၁ ဦး၊ ပုံနှိပ်မီဒီယာမှ ၃ ဦး၊ တိုင်းရင်းသားမီဒီယာများမှ ၁ ဦး၊ ကွန်မျူနတီ မီဒီယာ မှ ၁ ဦး၊ အွန်လိုင်းမီဒီယာမှ ၁ ဦးနှင့် အမျိုးသမီးမီဒီယာသမား ၁ ဦး အစရှိသည့် စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုလုပ်ငန်းကော်မတီက Myanmar Journalism Instituteအတွက် အဖွဲ့ဝင် လက်ခံရန်နှင့် ယာယီဘုတ်အတွက်အဖွဲ့ရန် မီဒီယာသမားများ ပါဝင်သည့် အစည်းအဝေးကို ခေါ်ဆောင်ရမည်ဖြစ်သည်။ ထိုကော်မတီက ဖွဲ့စည်းသည့်နေ့မှ နှစ်ပတ်မှ သုံးပတ်အတွင်း ယာယီဘုတ်(Board)အဖွဲ့ ဖွဲ့စည်း ရမည်ဟု လုပ်ငန်းကော်မတီတွင် ပါဝင်သည့် BNI(နိုင်ငံတကာမြန်မာ့သတင်း)မှ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၊ နေရဉ္ဇရာ ရခိုင်သတင်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုခိုင်မြတ်ကျော်က မဇ္ဈိမကိုပြောသည်။
Myanmar Journalism Institute ကို ၂၀၁၄ခုနှစ် ဇူလိုင်လ ၁ရက်တွင် ဖွင့်လှစ်ကာ တစ်နှစ်သင်တန်းများ ပေးရန် ရည်ရွယ်ထားသည်။ ယင်းအင်စတီကျုတွင် သတင်းလုပ်ငန်း အတွေ့အကြုံရှိသည့် သတင်းထောက်များအပြင် အတွေ့အကြုံမရှိသေးသည့် သတင်းလုပ်ငန်းကို ဝါသနာပါသူများအတွက်လည်း တစ်နှစ် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု ဦးမြင့်ကျော်က ဆိုသည်။
ယင်းကဲ့သို့ မီဒီယာသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်မည်ကို သတင်းသမားများအနေဖြင့် ကြိုဆိုပြီး တိုင်းရင်းသားမီဒီယာသမားများအတွက်လည်း အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
"မြန်မာနိုင်ငံမှာ Journalism နဲ့ပတ်သက်တဲ့ J Schoolတွေ မရှိသေးဘူးလေ။ အခုအဲလိုမျိုး ကျောင်းမျိုးပေါ်လာမယ်ဆိုတော့ ကျွန်တော်တို့ မီဒီယာလောကအတွက် အကြီးအကျယ် တိုးတက်လာမယ့်လို့ မျှော်လင့်တယ်။ တိုင်းရင်းသားတွေလည်း ဒီမှာ လျှောက်နိုင်ပါတယ်။ မီဒီယာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားမီဒီယာသမား ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုတော့ တိုင်းရင်းသားမီဒီယာသမားတွေလည်း ချဉ်းကပ်ဖို့ လိုပါတယ်"ဟု BNI ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၊ နေရဉ္ဇရာ ရခိုင်သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဖြစ်သူ ကိုခိုင်မြတ်ကျော်က ပြောသည်။
 Myanmar Journalism Institute သည် ပုဂ္ဂလိက မီဒီယာများ၊ နိုင်ငံပိုင် သတင်းဌာန၊ တိုင်းရင်းသား မီဒီယာများ၊ အမျိုးသမီး စာနယ်ဇင်း ကိုယ်စားလှယ်၊ အွန်လိုင်းမီဒီယာ၊ Community Media နှင့် စာနယ်ဇင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သောအကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာမည် ဖြစ်သည်။
Myanmar Journalism Institute တည်ထောင်ရန် အစည်းအဝေးကို မတ်လ ၂၃ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotelတွင် ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းအဖွဲ့များမှ တာဝန်ရှိသူ ၄၀ကျော် တက်ရောက်ခဲ့သည်။

No comments :

Post a Comment