သြဂုတ်-၅။
တက္ကသိုလ်မှ ဆရာ၊ ဆရာမများ ပညာဆက်လက် သင်ယူခွင့်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ ချုပ်ချယ် ကန့်သတ်မှုများရှိ နေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ၊ ဆရာ၊ဆရာမများ အဖွဲ့ချုပ် (ယာယီ)က ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဒဂုံတက္ကသိုလ်၊ မနုဿဗေဒဌာနမှ နည်းပြ ဦးလှမျိုး ၏ ပညာဆက်လက် သင်ယူခွင့် လျှောက်ထားမှုအား ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက်မပေးခဲ့ခြင်းနှင့် ပတ်သက်၍ ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ဝန်ကြီးဌာန အနေနဲ့ ကတော့ ဆရာ၊ ဆရာမတွေရဲ့ ပညာသင်ယူခွင့်ကို ပိတ်ပင်ထားတာ မရှိပါဘူးဟု ပညာရေးဝန်ကြီးဌာန၊ ပညာရေး သုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိန်းကြီးက The Messenger Media သို့ ပြောသည်။ပညာဆက်လက်သင်ယူလိုသော ဆရာ/ ဆရာမများကို ချုပ်ချယ်ကန့်မှုသည် ဆရာ၊ ဆရာမများ၏ အရည်အသွေးဆိုင်ရာ တိုးတက်မှုအား ပိတ်ပင် တားဆီးသည့် အနေအထားဖြစ်သည့်အပြင် နိုင်ငံတကာမှ ပညာရေးဆိုင်ရာ ပူးပေါင်းမှု အစီအစဉ်များကိုပါ အဟန့်အတားဖြစ်စေ နိုင်ကြောင်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
အစိုးရအနေနဲ့ ဆရာ၊ ဆရာမတွေ အရည်အသွေးမြှင့်ဖို့ လုပ်ဆောင်မယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ အကောင်အထည် ဖော်နိုင်မှု မရှိသေးဘူး ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ဒေါက်တာ အာကာမိုးသူက ပြောသည်။ ဆရာ၊ ဆရာမများ၏ အတတ်ပညာနှင့် အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပညာဆက်လက် သင်ယူခွင့်ရရှိရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် အလေးအနက်တိုက်တွန်း တောင်းဆိုကြောင်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

No comments :
Post a Comment