ရေးသူ-ရွှေကူမေနှင်း
အမှန်မှာကျွန်မ၏ဆောင်းပါးခေါင်းစဉ်ကို " ကလေးတွေကို နှိပ်စက်လို့အားမရကြသေးဘူးလား " ဟု ပေးချင်ပါသည်။ ထို့ထက်သင့်တော်သော
ခေါင်းစဉ်ကို စဉ်းစား၍မရပါ။
ရှေးက ဂျီတီအိုင်ကို အဆန်းထွင်ပြီး ဂျီတီစီဟု ပြောင်းလဲကာ မြန်မာပြည်အနှံ့
ကျောင်းများဖွင့်ခဲ့ရာမှ YTU (ရန်ကုန်နည်းပညာတက္ကသိုလ်) ဟု အမည်ပေးခဲ့
ပြန်သော လှိုင်သာယာဂျီတီစီကိစ္စကို ပြောရန် အရေးကြုံနေသည်။ ပညာရေးကိစ္စများကို " အခုဆီထမင်း၊ အခု စာကလေးကြော် " လုပ်နေသည်
မှာကြာပြီ။ မြေစာပင်ဖြစ်သောကလေးများမှာ လည်စင်းခံနေကြရသည်။
ယခင်က တက္ကသိုလ်ဝင်တန်းအောင်ပြီးလျှင် ဂျီတီအိုင်ဝင်ခွင့်ဖြေရ၏။ ၀င်ခွင့်အောင်လျှင် သုံးနှစ်တက်ပြီး အေဂျီတီအိုင်ဒီပလိုမာဘွဲ့ရသည်။
အငယ်တန်းအင်ဂျင်နီယာ အလုပ်ကို အစိုးရဌာနများက ခေါ်သည်။ အဆင် ပြေသည်။ယခု ဂျီတီစီများဖြစ်လာသောအခါ နှစ်နှစ်တက်ပြီး
အေဂျီတီအိုင်ဒီပလိုမာပေးသည်။ အမှတ်ကောင်းလျှင် B.Tech ခေါ် ဘွဲ့ပေးသည်။ ၎င်းမှာ အမှတ်ကောင်းလျှင် ဘီအီးတက်ရသည်။ ဤ
အစီအစဉ်ကို မဝေဖန်ချင်ပါ။ အေဂျီတီအိုင်အောင်ပြီး B.Tech အမှတ်
မမီလျှင် ကျောင်းထွက်ရခြင်းကိုလည်း မပြောလိုပါ။ယခုပြဿ နာမှာ
အေဂျီတီအိုင်လက်မှတ် ကိစ္စဖြစ်၏။ အေဂျီတီအိုင် ဒီပလိုမာဘွဲ့ရကလေး
များမှာ B.Tech အတွက် လမ်းပိတ်လိုက်သဖြင့် ဘွဲ့ရိုးရိုးတစ်ခုရဖို့
အဝေးသင်တက္ကသိုလ် တက်ကြရရှာသည်။ သုံး၊ လေးနှစ် ကြာမှ အေဂျီတီ
အိုင်-ဘီအေ(အင်္ဂလိပ်စာ) စသဖြင့်ရကြသည်။ ထိုအချိန်မှာ သူတို့အသက်တွေ ကြီးကုန်ပြီ။ အလုပ်လျှောက်ဖို့ ခက်သည်။
ထိုကိစ္စပြောကြ၊ ဆိုကြတာများလွန်းခါမှ ယခုနှစ်ကစပြီး ဂျီတီစီတက်လျှင်
တောက်လျှောက် ဘီအီးသွားနိုင်သည်ဟု လုပ်နေပြန်သည်။ Ph.D တွေ
ပေါပေါ လောလောဖြစ်ပြီးမူလတန်းဆရာလုပ်ရသည့် နမူနာကဲ့သို့ ဘီအီးတွေပေါပြီး မူလတန်းဆရာဖြစ်လာမည့် အရေးတွေးမိ၏။ အမှန်မှာ ဂျီတီစီကို သုံးနှစ်ပဲထား ဒီပလိုမာပေး။ နောက်ဆုံးနှစ်မှာ အမှတ်ကောင်း
လျှင်(ထူးချွန်လျှင်) ဘီအီးကို ကြို့ကုန်းတက္ကသိုလ်သို့ တက်ခိုင်းသော
စနစ်ဖြစ်သင့်သည်။ ဤစနစ်မှာ ယခင်က ကျင့်သုံးခဲ့သော စနစ်ဖြစ်၏။
ကြို့ကုန်းမှာ တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် ပထမနှစ် လက်မခံဘဲ ဘီအီးတန်းများသာထားလျှင် နေရာထိုင်ခင်းလည်း အဆင်ပြေသည်။ အင်ဂျင်နီယာဖြစ်ချင်သူများ ဂျီတီစီကို ကောလိပ်အဆင့်တက်ခြင်းဖြင့်
ပြုစုပျိုးထောင်ခြင်း ဖြစ်သည်။ ယခုတော့ ဂျီတီစီမှာလည်း ဘီအီးထားမည်။ ကြို့ကုန်းမှာက ထူးချွန်ဘီအီး ဆိုသောအခါ ကလေးတွေကိုခွဲခြားရာကျ
ပါသည်။
ယခုပြောချင်သည့်ပြဿ နာက အေဂျီတီအိုင် ဒီပလိုမာဘွဲ့လက်မှတ်ယူသည့်
ပွဲကိစ္စပါ။ ဒီပလိုမာရသူ အလွန်များသဖြင့် စာမေးပွဲအောင်ပြီး နှစ်နှစ်ခန့်ကြာမှ
ဘွဲ့လက်မှတ်ပေးနိုင်သည်။ ဒါက ခွင့်လွှတ်၍ရပါသည်။ ခွင့်မလွှတ်နိုင်သော
ကိစ္စမှာလက်မှတ်ရဖို့လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်း
ကိစ္စဖြစ်၏။ ဘွဲ့ယူမည့်ကလေးများ တင်ပြရမည့်စာရင်းတွင်(ဆိုင်တာ၊
မဆိုင်တာ အပထားပြီး) အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်တွေပါရသည်။ ဤအထိခွင့်လွှတ်ပါမည်။
နိုင်ငံသားဖြစ်ကြောင်း လ၀ကရုံးမှ ထောက်ခံစာယူရမည်ဆို
ခြင်းကိုမူ ခွင့်မလွှတ်နိုင်ပါ။
ကလေးများလျှောက်လွှာတွင် မိခင်မှတ်ပုံတင်၊ ဖခင်မှတ်ပုံတင်၊ မိမိကိုယ်တိုင်
၏ မှတ်ပုံတင်များ ပူးတွဲပါဝင်ပြီးဖြစ်သည်။ မှတ်ပုံတင်ဆိုသည်က ယခင်အခေါ်
အဝေါ်ပါ။ တရားဝင်ခေါ်လျှင် " နိုင်ငံသားစိစစ်ရေးကတ် " ဖြစ်သည်။ ထိုနိုင်ငံ
သားစိစစ်ရေးကတ်ပြားများမိခင်၊ဖခင်၊ကလေးသုံးဦးစလုံးတင်ပြထားပါလျက်
နှင့် လ၀ကရုံးမှနေ၍ နိုင်ငံသားဖြစ်ကြောင်း လျှောက်လွှာပုံစံဖြည့်ခိုင်းခြင်းကား
အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများကို မယုံကြည်ခြင်းဟု အဓိပ္ပာယ်
မရပါလား....။
အထက်ပါမှတ်ပုံတင်ကတ်ပြားများသည် လ၀ကရုံးများက တရားဝင်ထုတ်
ပေးထားသော သက်သေခံကတ်ပြားများဖြစ်ရာ နေရာတကာ အရေးပါ
နေသည်။ ယခုအေဂျီတီအိုင် လက်မှတ်ကလေးထုတ်ပေးရန်အတွက်မှာတော့ တရားဝင်ကတ်ပြားများကို အဘယ်ကြောင့်အသိအမှတ်မပြုဘဲ ထောက်ခံစာ
ထပ်တောင်းခိုင်းပါသလဲ။လှိုင်သာယာကျောင်းသို့ တစ်ခေါက်သွားရ ခြင်းမှာ လွယ်ကူသည်မဟုတ်ပါ။ထို့ပြင် လ၀ကရုံးဆိုသည်ကိုလည်း ကျားမြီးဆွဲရ
သကဲ့သို့ ကြောက်ကြ ရပါသည်။သူတို့က ၁၀ နှစ်သားရော၊ ၁၈ နှစ်သားရော၊ အပျောက်အရှများရော တစ်မြို့နယ်လုံးအတွက် လုပ်ပေးနေရသဖြင့် အမြဲတမ်းအလုပ်ရှုပ်ကြရှာပါသည်။ မလိုအပ်ဘဲနှင့်ထောက်ခံစာသွား
တောင်းခြင်းမှာ အလုပ်ပိုသည်။
ပို၍ခက်သည်မှာ စာရေးများက စစ်ဆေးပေးပြီးသော်လည်း " ဦးစီးမှူး" ဆိုသူ
လက်မှတ်မထိုးလျှင် မပြီးပေ။ အဆိုပါဦးစီးမှူးများကလည်း ၁၁ နာရီ မှာပင် ရုံးမရောက်သေးပါ။ သူ့ခမျာများက မြို့နယ်အစည်းအဝေးများ တက်ကြရသည်။ သူ့ရုံးမှာအမြဲမထိုင်နိုင်ကြ။ သည်တော့ ရာနှင့်ချီ သော လျှောက်လွှာရှင်များ ရုံးနားမှာ ထိုင်စောင့်ပေရော့။
" နောက်ဆုံးရက်" ဆိုသော ကန့်သက်ချက်ကရှိသေးသည်။ " မရသေးဘူးလို့
ပြောလိုက်" ဟု သူတို့က သင်ပေးပါသည်။ သည်လိုပြောတိုင်း ကျောင်းက လက်ခံမှာလား။စင်စစ်မှာ ကျောင်းကတောင်းခြင်းကို မှားနေသည်။ လ၀က
ကို အလုပ်မပေးသင့်ပါ။ မိဘနှင့်မိမိကိုယ်တိုင်၏ နိုင်ငံသားစိစစ်ရေးကတ် ပါနေခြင်းကို မယုံကြည်ခြင်းအတွက် ဘယ်လို နားလည်ရမှန်းပင် မသိတော့
ပါ။ ဟိုပြေး၊ ဒီပြေးနှင့် သူတို့ ပြောသမျှမျက်နှာငယ်ငယ်နှင့် လိုက်နာနေရသော တိုင်းပြည်၏ပညာသင်လူငယ်များ (အသက်၂၀ ပင် မပြည့်သေး) အား သည်လိုမနှိပ်စက်သင့်ပါ။ နည်းပညာတက္ကသိုလ်သည်စနစ်အမျိုးမျိုး
ပြောင်းလဲရုံမက မလိုအပ်ဘဲ တင်းကျပ်နေသဖြင့် ကလေးတွေကို
နှိပ်စက်လို့ အားမရသေးဘူးလား....ဟု မေးရခြင်းအတွက်
မည်သူဖြေမည်နည်း။
No comments :
Post a Comment