Thursday, August 7, 2014

မူဆယ်မှတစ်ဆင့် တင်ပို့သည့် မြန်မာဆန်များ တရုတ်အာဏာပိုင်များ ဖမ်းဆီးနေမှု ညှိနှိုင်းမည်

Written by  သီဟကိုကို

တရုတ်နိုင်ငံသို့ မြန်မာဆန် ကုန်သွယ်နေမှုကို လက်ရှိအချိန်တွင် တရုတ် အာဏာပိုင်များမှ ဖမ်းဆီးမှုများ ပြားလျက် ရှိနေခြင်းအပေါ် စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ဆန်စပါးအသင်းချုပ်တို့က တရုတ်နိုင်ငံ မှ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။
7aug9
မြန်မာဆန်များကို တရုတ်နိုင်ငံသို့ ကုန်သွယ်ရာ၌ ဖြစ်ပေါ်နေသည့် နယ်စပ်ကုန်သွယ်ရေးကိစ္စများကို နှစ်ဖက်တွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်ရန် စီစဉ်လျက်ရှိပြီး သြဂုတ်လ ၁၂ တွင် တရုတ်သံရုံးမှ စီးပွား ရေး သံမှူးနှင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ ဆန်စပါးအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးမည့်အပြင် တရုတ်နိုင်ငံသို့ပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
မြန်မာမှ တရုတ်သို့ တင်ပို့သည့်ဆန်များကို ဇူလိုင်လကုန်ပိုင်းမှ စတင်ကာဖမ်းဆီးခဲ့ရာ နေ့စဉ်ပုံမှန် ဆန်အိတ် ခုနစ်သောင်းကျော် တင်ပို့ရာမှ အိတ်ရေ ငါးထောင်ခန့်အထိ တင်ပို့မှုကျဆင်းသွားခဲ့သည်။
သြဂုတ်လ ၅ ရက် နံနက်ပိုင်းတွင် မူဆယ်ဆန်စပါးကုန်စည်ဒိုင်၌ပုံမှန် အရောင်းအဝယ်များ ပြန်ဖြစ်လာခဲ့ ပြီး အိတ်ရေ ၁၆,ဝဝဝ အထိ အရောင်းအဝယ်ရှိခဲ့သော်လည်း ညပိုင်းအချိန်တွင် တရုတ်နိုင်ငံ ရွှေလီဘက် ခြမ်း၌ ထပ်မံဖမ်းဆီးခံရပြန်သည်ဟု မူဆယ်ဒေသခံ ဆန်ကုန်သည်ကြီးများက ပြောသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးတစ်ဦး က “အရင်က Surprise Check တွေကို ရှောင် ပြီးပို့တယ်။ အခုက မူဆယ်ကနေ ရွှေလီ၊ ကူမင်း၊ မန်စီလမ်းတွေ အကုန်လုံးဘယ်မှာမလွတ်ဘူး။ အခုကိစ္စ က ကုန်သည်တွေ၊ အသင်း အဖွဲ့တွေ ဆောင်ရွက်နိုင်တာမျိုးမဟုတ်ဘဲ နိုင်ငံတော်အဆင့်က ဝင်ရောက် ဆောင်ရွက်ပေးမှပဲရမယ် ” ဟု ပြောသည်။
သြဂုတ်လ ၅ ရက် ညပိုင်းတွင် မူဆယ် မှ ရွှေလီသို့ဆန်တင်ပို့သော ကားစီးရေ ရှစ်စီးဖမ်းဆီးခံရပြီး အတည်မပြုနိုင်သေးသည့် ဖမ်းဆီးခံရသောကားများလည်း ရှိနေနိုင်သည်ဟု ဒေသခံဆန်ကုန်သည်များ က ပြောသည်။
ယနေ့ မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးဆိုင်ရာကိစ္စများသည် ဆန်စပါး ကုန်သွယ်မှုမူဝါဒ လိုအပ် ချက်ကို မီးမောင်း ထိုးပြနေပြီး ဆန်စပါးကုန်သွယ်မှု မူဝါဒခိုင်မာစွာမရှိလျှင် ဆန်စပါးဈေးကွက် ရေရှည် ဖွံ့ဖြိုးရန် အလွန်ခက်ခဲနေမည့်ဖြစ်သည့်အတွက် မူဝါဒများရှိရန် လိုအပ်သည်ဟု ဦးရဲမင်းအောင်က ဆို သည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တရုတ် နိုင်ငံသို့ ဆန်တင်ပို့မှုကို တရားဝင်ခွင့်ပြုထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံမှ ဆန်များကို တရုတ်နိုင်ငံမှ တရားဝင်ဝယ်ယူလာရေး အတွက် ဆွေးနွေးမှုများရှိခဲ့သော်လည်း ယနေ့အချိန် အထိအောင်မြင်မှုမရရှိသေးပေ။

No comments :

Post a Comment