ဆင်ဆာမဲ့ခွေများ ကူးယူဖြန့်ချိသူများအား အရေးယူ
ရန်ကုန်၊ သြဂုတ် ၂
၃၀.၇.၂၀၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ နိုင်ငံခြားခွေများ ငှားရမ်းခြင်း၊
ကူးယူခြင်းများ ပြုလုပ်နေကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊
အနော်ရထာလမ်းရှိ ခွေအငှားဆိုင်နှင့် ခွေကူးယူခြင်းများ လုပ်ကိုင်နေသည့်
(၃)ရပ်ကွက်၊ တာဝတိံသာလမ်းရှိနေအိမ်သို့ စစ်ဆေးရှာဖွေ ဖမ်းဆီးခြင်းများ
ပြုလုပ်ခဲ့ပါသည်။
ထိုသို့ရှာဖွေဖမ်းဆီးခဲ့ရာ အခွေအငှားဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ
ဒေါ်အေးမြင့်အား တွေ့ရှိရပြီး ဆင်ဆာ မဲ့နိုင်ငံခြားဇာတ်လမ်းခွေ VCD / DVD
ခွေ (၃၀၉၀၀)ချပ်၊ စာရင်းမှတ်တမ်းစာအုပ်(၂)အုပ်၊ ခွေငှားခရရှိငွေ
(၁၉၀၀)ကျပ်တို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။
ဆက်လက်၍ ခွေကူးခြင်းလုပ်ကိုင်သည့် တာဝတိံသာလမ်းရှိနေအိမ်သို့ရှာဖွေရာ
အိမ်ရှင်ဖြစ်သူ မနီလာဝင်း အားတွေ့ရှိရပြီး နေအိမ်ထပ်ခိုးရှေ့ခန်းအတွင်းမှ
တစ်ကြိမ်ကူးလျှင် အခွေ(၁၁)ချပ်ထွက် သည့် အခွေကူးစက်(၁၀)လုံး၊ UPS (၄)လုံး၊
(၁၇)လက်မ Monitor(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Colour Printer (၁)လုံး၊
Scanner(၁)လုံး၊ ခွေထည့်သည့် ပလပ်စတစ်အိပ် (၁၀၀၀)အိတ်၊
နိုင်ငံခြားဇာတ်လမ်းကာဗာမျိုးစုံ(၁၅၀၀)ရွက်၊ ဆင်ဆာမဲ့နိုင်ငံခြား
ဇာတ်လမ်းခွေ မျိုးစုံ(၈၇၀၀)ချပ်တို့ ကို တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပါသည်။
ယင်းသို့ ဆင်ဆာမဲ့နိုင်ငံခြားခွေများတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့်
ပုဇွန်တောင်မြို့မ ရဲစခန်းတွင် ဒေါ်အေးမြင့်အား (ပ)၁၄၈/၂၀၁၄၊
ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ) ဖြင့်လည်းကောင်း၊ မနီလာဝင်းအား (ပ)၁၄၉/၂၀၁၄၊
ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့်လည်းကောင်း အသီးသီးအရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။


No comments :
Post a Comment