ကျမအသက်ငယ်ငယ်ကတည်းက အိမ်မှာ ဘုရားပန်းလဲတဲ့တာဝန်ကို ယူပါတယ်။
ကျမ-က ပန်းထိုးရင် လှလှပပ ထိုးတတ်လို့  မေမေက အပြီးတာဝန်ပေးထားခဲ့တာပါ။
တခါတရံ အကို-အမ-ညီမ တစ်ဦးဦးက ကျမအစား ဘုရားပန်းလဲသွားရင် ကျမ-က စိတ်ဆိုးပါတယ်။ (ငယ်သေးတာကိုးနော်) အသက် ၂၀-လောက်ကျတော့ မဟာစည်မှာ ၄၅-ရက် တရားထိုင်ပြီး ညဏ်စဉ်တရားနာခွင့်ရပါတယ်။
လက်တွေ့ ဆန်မှ လက်ခံနိုင်တဲ့ နိုင်ငံရေးသူငယ်ချင်းတွေကြားမှာ ဘာသာရေးယုံကြည်မူ ပြင်းထန်လွန်းတဲ့ ကျမဟာ နောက်ပြောင်ကျီစယ်စရာ လူတစ်ယောက်ပေါ့။
ဥပမာ အမျိုးသားနေ့  ရွေတိဂုံဘုရားတက်ရင်း ရေချမ်းကပ်မိရင် "နင်လုပ်တာနဲ့ ဘုရားအအေးပတ်တော့မယ်"ဆိုပြီး နောက်တာမျိုးပေါ့။ သူတို့ တွေ ဘယ်လိုပဲ နောက်-နောက် သူတို့ ရှေ့ မှာ ကျမ-ရဲ့  ယုံကြည်မူတွေ သဒ္ဓါတွေ နည်းနည်းလေးမှ မလျော့ပါးခဲ့ပါဘူး။
ထောင်ကျတော့ သယာဝတီထောင်မှာ ကျွတ်ကျွတ်အိပ် အဖြူကို ကျစ်ထားတဲ့ ပန်းဆိုင်း
.ဒန်ပေါက်ဖော့ဘူး အဖြူနဲ့ လုပ်ထားတဲ့ ဘုရားစင်လေးတွေကို ကျမ-ကပဲ ညီမအားလုံးအတွက် အခန်းတိုင်းမှာ ဘုရားစင်ဖြစ်အောင် ကုသိုလ်ယူ ဖန်တီးပေးခဲ့တယ်။
မြန်မာပြည်က ထွက်လာတော့ ဘုရားရုပ်ပွားတော်ကို ဖြစ်သလို မပင့်ချင်တဲ့အတွက် မပင့်ခဲ့ဘူး။ နော်ဝေသွားရခါနီး ဂျပန်က ဆရာဝန်တစ်ဦးက ဂျပန်ဘုရားလေး လှူခဲ့တဲ့အတွက် ရိုရိုသေသေ နော်ဝေအထိ ပင့်ခဲ့ပါတယ်။ အဲ့ဒီကမှ အခုတော့ ၄-နိုင်ငံက ဘုရား ၄-ဆူ ကျမ-ကိုးကွယ်ခွင့်ရထားပြီပေါ့။ နောက်ပိုင်း ဆက်ပင့်ချင်တဲ့ ဗုဒ္ဓရုပ်ပွားတော်များကတော့ ကမ်မောဒီးယားနိုင်ငံနဲ့ သီရိလင်္ကာ စတဲ့ နိုင်ငံတွေကပါ။
ကျမက အပျိုအရွယ်ကတည်းက လက်ဝတ်ရတနာထုတ်ကြည့်ပြီး ပီတိဖြစ်တတ်တဲ့ထဲ မပါဘူး။ ကျမ-တင်ထားတဲ့ ဘုရားပန်းတွေကို မြင်ရရင်တော့ အရမ်းပီတိဖြစ်တတ်တယ်။
ဒါကြောင့် နော်ဝေမှာ ပန်းဈေးကြီးတဲ့ကြားက ပန်း-ကို မပြတ်တင်တိုင်း ဓါတ်ပုံရိုက်ထားပြီး
တခါတရံ ထုတ်ကြည့်ပြီး ပီတိခံစားတာ ကျမအတွက် စိတ်ချမ်းသာမူတခုပါပဲ။
ရီရီထွန်း ဖေ့ဘုတ်
No comments :
Post a Comment